Sunday, February 22, 2009

ရူးချင်ယောင်ဆောင်သူများ

( Natan Sharanski ရေးသားသော The Case for Democracy" စာအုပ်မှ ကောက်နှုတ် ဘာသာပြန်သည်။ Double Thinkers ဆိုသော အင်္ဂလိပ်စကားလုံးကို နှစ်ခွတွေးသူ၊ ဒွိအမြင်ရှိသူဟု ပြန်ဆိုရမည်ဖြစ်သော်လည်း မိတ်ဆွေတယောက်ပြောပြသော ရူးချင်ယောင်ဆောင်သူများ ဆိုသည့် အသုံးအနှုန်းကို သဘောကျသဖြင့် ထိုအတိုင်း သုံးစွဲလိုက်ပါသည်။)အမြင်မတူမှုကို ပိတ်ပင်တားဆီးထားသော နေရာတိုင်းတွင် လူ့အဖွဲ့အစည်းသည် အုပ်စု သုံးခု ကွဲထွက်သွားသည်။ အုပ်စုတခုမှာ လက်ရှိအာဏာပိုင် အဖွဲ့အစည်းအပေါ် သစ္စာရှိသော သူများပါဝင်သည်။ ထိုသူတို့သည် လက်ရှိအာဏာရအဖွဲ့အစည်း၏ ဆောင်ရွက်ချက်များကို သဘောရိုးလက်ခံယုံကြည်သည်။ ထိုသူများမှာ အမှန်တကယ် ယုံကြည်သူများ (True Believers) ဖြစ်သည်။အခြားအုပ်စုတွင်မူ အပြစ်ပေးခံရနိုင်သည့် အန္တရာယ်ရှိသော်ငြား အာဏာရအဖွဲ့အစည်း၏ လမ်းစဉ်ကို ဆန့်ကျင်အံတုလိုသော အတိုက်အခံ(dissident)များ ပါဝင်သည်။ဤအုပ်စုနှစ်ခုစလုံးတွင် ပါဝင်သော သူများအားလုံး၌ ၄င်းတို့၏ စိတ်တွင်းမှ အတွေးနှင့် ပြင်ပတွင် ထုတ်ဖော်ပြောကြားချက်များမှာ ကွာဟမှုမရှိ၊ တထပ်တည်းကျသည်။သို့သော် တတိယအုပ်စုတွင် ပါဝင်သူများမှာ အထက်ပါ အုပ်စုနှစ်ခုနှင့်မတူဘဲ ၄င်းတို့ စိတ်တွင်းတွင် တွေးထင်သည့်အတိုင်း မပြောဆိုကြ။ ဤတတိယအုပ်စုတွင်ပါဝင်သူများသည် လက်ရှိအာဏာရပါတီ၏ အယူဝါဒကိုကား ယုံကြည်မှုမရှိတော့ချေ၊ သို့သော် ဆန့်ကျင်ဖက် အမြင်များကို လှစ်ဟထုတ်ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြောက်ရွံ့ကြသည်။ ၄င်းတို့ကား ရူးချင်ယောင် ဆောင်သူများ ( Double thinkers ) ပင် ဖြစ်တော့သည်။စတာလင် သေတော့ ကျနော် ငါးနှစ်သားပဲ ရှိသေးသည်။ သူ့အသုဘနေ့တွင် ကျွန်တော်တို့မြို့၌ တပ်ဆင်ထားသော လော်စပီကာများမှ ၀မ်းနည်းကြေကွဲဖွယ် သီချင်းသံများကို ညံနေအောင် ဖွင့်ထားပြီး လမ်းတိုင်းတွင်လည်း ရဲဘော်စတာလင်၏ ပုံတူကားချပ်ကြီးများကို အစီအရီထောင်ထားသည်။ ကျနော့် ဖခင်က ကျနော့်အကို (၇ နှစ်သားအရွယ်) နှင့် ကျနော့်အား တအိမ်တည်းအတူနေ အခြားမိသားစုနှစ်စု မကြားနိုင်လောက်သည့် နေရာသို့ ခေါ်၍ စကားပြောသည်။ “ငါ့သားတို့...ဒီနေ့ဟာ မင်းတို့ အမြဲ သတိရနေရမယ့် နေ့ထူးနေ့မြတ်ကြီးဖြစ်တယ်” ဟု ဖခင်က ပြောသည်။သူကဆက်လက်၍ ရှင်းပြသည်မှာ “ငါတို့ခေါင်းဆောင်ကြီး၊ ငါတို့ အာစရိ” စသဖြင့် လူတိုင်းက ရည်ညွှန်းခေါ်ဝေါ်နေကြသော ထိုပုဂ္ဂိုလ်သည် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး ဂျူးလူမျိုးများကို နောက်ထပ် ထပ်မံချေမှုန်းရန် ကြံစည်နေသူလည်း ဖြစ်သည်။ ယခုအခါ ထို သားသတ်သမားမှာ သေဆုံးသွားပြီဖြစ်၍ ကျွန်ုပ်တို့အဖို့ ကံကောင်းသည်ဟု သူကပြောသည်။အထက်ပါ ခြောက်ခြားစဖွယ် ဖွင့်ချမှုကြီးကို ပြုလုပ်ပြီးသောအခါ ဖခင်က ကျွန်တော်တို့အား မည်သူတဦးတယောက်ကိုမျှ ဤအကြောင်းများကို ပြန်လည်ပြောဆိုခြင်းမပြုရန်နှင့် အခြားကလေးသူငယ်များကဲ့သို့ပင် ပြုမူပြောဆိုရန် အလေးအနက်မှာကြား နှုတ်ပိတ်သည်။ ဤသို့ဖြင့် နုနယ်လှသေးသော ငါးနှစ်သားအရွယ်မှာပင် ကျွန်ုပ်သည် စတာလင်အား ချီးမွန်းထောပနာသော ဘုန်းတော်ဘွဲ့သီချင်းများကို ကျွန်ုပ်၏ အတန်းဖော် ကလေးများနှင့်အတူ သံပြိုင်သီဆိုရင်း၊ သေဆုံးသွားသော “သားသတ်သမား”အတွက် ဟန်ဆောင်ကြေကွဲမျက်ရည်များကို ကျပြရင်း ဆိုဗီယက် ပြည်ထောင်စု၏ “ရူးချင်ယောင်ဆောင်သူများ” လောကသို့ ကနဦး ၀င်ရောက်ခဲ့ပါသည်။ကျွန်ုပ်ကဲ့သို့ပင် “ရူးချင်ယောင်ဆောင်သူများ၏ ကမ္ဘာလောက”အကြောင်း အလားတူ ဖြစ်ရပ်မျိုးကို ဆူဆန် အက်ဇာဒိ ( Sousan Azadi ) ကလည်း သူမ၏ “အီရန်နှင့် ဝေးရာ ၊ အယာတိုလာ (ဘာသာရေးခေါင်းဆောင်) များ လက်မှ အမျိုးသမီးတယောက်၏ ထွက်ပြေးလွတ်မြောက်မှု” စာအုပ်တွင် ပြောပြထားသည်။ကျမသားကို ကျမ အသေအချာ မှာထားတယ်။ ကျောင်းမှာ ဆရာတွေက အိမ်ကအကြောင်းတွေကို မေးရင် ဘာတခုမှ မပြောပြရဘူး။ ကျမတို့အိမ်မှာ ဒီဟာရှိသလား၊ ဟိုဟာ ရှိသလား စသဖြင့် ဆရာကမေးလာရင် ဘာပဲမေးမေး အမြဲတမ်း မရှိဘူး လို့ပဲဖြေရမယ်..စသဖြင့်မှာထားတယ်။ တနေ့ကျတော့ သားက ကျောင်းက ပြန်လာပြီး ကျမကို ဂုဏ်ယူဝမ်းမြောက်စွာပြောတယ်။“မေမေ၊ ဒီနေ့ ကျောင်းမှာ ကောင်းတာတခု သား လုပ်ခဲ့တယ်။ ဆရာက သားကို “ကိုရမ်ကျမ်းမြတ်” တအုပ်ပြပြီး သားတို့အိမ်မှာ ဒါမျိုးရှိသလားလို့မေးတော့ သားက “မရှိဘူး” လို့ ဖြေခဲ့တယ်”သားက ကျမ ခိုင်းတဲ့အတိုင်း သူဖြေခဲ့ရလို့ သူ့မျက်နှာကလေးက အင်မတန် ဂုဏ်ယူဝင်းပနေချိန်မှာ ကျမဟာ ရင်နာနာနဲ့ပဲ သားကို အိမ်မှာသိမ်းထားတဲ့ (ကျမလက်ထပ်စဉ်က) ကိုရမ်ကျမ်းစာအုပ်ကို ထုတ်ပြရတယ်။ ပြီးတော့ သားကိုလည်း မျက်နှာထိ မျက်နှာထားနဲ့ ဆူရတယ်။ နောက်ကို အိမ်မှာ ကျမ်းမြတ်စာအုပ် မရှိဘူးလို့ ဘယ်တော့မှ မပြောရဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးရတယ်။“သား....မေမေတို့အိမ်မှာ ဘယ်တုန်းကမှ ဘုရားမရှိခိုးရင်တောင် လူတွေကိုတော့ မေမေတို့ အိမ်မှာ ဘုရားမှန်မှန်ရှိခိုးပါတယ် လို့ ပြောရမယ်” လို့ ကျမက သားကို မှာရတယ်။တချိန်တည်းမှာပဲ ရှင်သန်မှုအတွက် သားကို အသက်ငယ်ငယ်လေး ကတည်းက လိမ်ညာပြောဘို့ သင်ကြားပေးနေရတဲ့ ကျမကိုယ်ကျမလည်း အင်မတန် နာကျည်းမုန်းတီးမိတာပေါ့ရှင်”......၁၉၇၀ ခုနှစ်များဆီက မြောက်ကိုရီးယားမှ တိတ်တဆိတ်ခိုးထုတ်ယူလာသော စာတစောင်တွင် မြောက်ကိုရီယားနိုင်ငံသားတဦးက သူ့အနေဖြင့် ရူးချင်ယောင်ဆောင်ခြင်း၏ အနုပညာကို မည်သို့မည်ပုံ တတ်ကျွမ်းလာခဲ့သည်ကို ရှင်းပြထားသည်။“ ခင်ဗျားစိတ်ထဲရှိတဲ့အတိုင်း ကျယ်ကျယ်လောင်လောင် ထုတ်ပြောလိုက်ရင် ခင်ဗျားအနေနဲ့ သေဖို့သာ ပြင်ပေတော့။ တကယ်လို့ တခုခုပြောစရာရှိတယ်ဆိုရင် မျက်လုံးနဲ့ စကားပြောရတာ ပိုမိုလွယ်ကူတယ်ဆိုတာကို ကျနော်နားလည်လာတယ်။ ကျနော်ဟာ ကျနော့်နှုတ်ခမ်းတွေနဲ့မြင်ပြီး ကျနော့် မျက်စိနဲ့ စကားပြောတတ်ဖို့ သိနားလည်လာခဲ့ပါတယ်။”ရူးချင်ယောင်ဆောင်သူများသည် ၄င်းတို့၏ အတွေးနှင့် စကားလုံးများအကြား ကွာဟနေမှုအတွက် အမြဲတစေ တင်းမာမှု၊ လွန်ဆွဲမှု ဖြစ်နေကြရသည်။ ထိုသူများသည် အာဏာပိုင်များခွင့်မပြုသည့်အရာကို ပြောဆိုခြင်းမှ အမြဲတစေ ရှောင်ကြဉ်ကြသည်။ တချိန်တည်းမှာပင် သူတို့မယုံကြည်သော အရာတခုကို မပြောလိုဘဲ ရှောင်ကွင်းနိုင်ရန် တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြသည်။သို့သော် အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင် ရူးချင်ယောင်ဆောင်သူများအဖို့ ၄င်းတို့ မပြောချင်သည်များကို မပြောပဲ နေချင်တိုင်း နေနိုင်သည့် အခွင့်အရေးကို မရ။ ထိုလူ့အဖွဲ့အစည်းများသည် အောက်ခြေလူတန်းစား၏ သစ္စာရှိကြောင်း ဖွင့်ဆိုပြောကြားမှုကို အစဉ်မမြဲ ဖိအားပေး တောင်းဆို တတ်သောကြောင့်ပင်တည်း။မူကြိုကျောင်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ အလုပ်ခွင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူထုစည်းဝေးပွဲများနှင့် အခြားနေရာတိုင်းလိုပင် ရူးချင်ယောင်ဆောင်သူများအနေဖြင့် အစိုးရ၏ မူဝါဒကို ကြက်တူရွေးလို ရွတ်ပြနိုင်ရန်လိုအပ်ပြီး ယုံကြည်ချက်အမှန်များကိုမူ သိုဝှက်ထားရန် လိုပေသည်။ ဤကဲ့သို့ မိမိဘာသာ ဆင်ဆာပိတ်ပင်မှုသည် ရူးချင်ယောင်ဆောင်သူများ၏ နေ့စဉ်ဘ၀တွင် ခွဲခွာ၍မရအောင် ကြုံတွေ့နေရရာ တဖြည်းဖြည်းနှင့် အတွေးနှင့် အပြော အကြား တင်းမာမှု လွန်ဆွဲမှုမှာ သတိမထားမိလောက်အောင်ပင် အသားကျလာတော့သည်။ရူးချင်ယောင်ဆောင်သူများအနေဖြင့် အမှန်တကယ် လွတ်လပ်လာသောအခါမှသာလျှင် ယခင်က မိမိတို့အနေဖြင့် မိမိဘာသာဆင်ဆာပိတ်ပင်မှုများကြောင့် အဘယ်မျှအထိ အတွေအခေါ်ပိုင်းဆိုင်ရာ ကျွန်ဘ၀ ကျရောက်ခဲ့ရသည်ဆိုသောအဖြစ်ကို သိမြင်နိုင်လာကြပေသည်။(အပိုင်း ၂ ကို ဆက်လက်တင်ပြပါမည်။)

No comments:

Post a Comment